Tuesday, March 6, 2012

ပြုပြင်ပြောင်းလဲရေး ဆိုရာဝယ်

ပြုပြင်ပြောင်းလဲရေးဆိုရာဝယ်

နိုင်ငံ့အသက်သည် တရားဥပဒေဟု ဆိုကတဲက ယင်းသည် နိုင်ငံ၏ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရည်ညွှန်းသည်ဟု ဆိုပါလျှင် မှားအံ့မထင်ပါ။အဘယ်ကြောင့်ဆိုသော် အခြေခံဥပဒေဆိုသည်မှာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သလို အခြေခံလည်းကျသောကြောင့်ပင်ဖြစ်သည်။တနည်းအားဖြင်ဆိုရသော် အခြေခံဥပဒေဆိုသည်မှာ အစိုးရနှင့်ပြည်သူတို့အကြား အပြန်အလှန်ကြိုးကိုင်ထားသော သဘောတူစာချုပ်တခုပင်ဖြစ်ပါသည်။
အစိုးရတရပ်၏ အဆုံးအစွန်သော လုပ်ပိုင်ခွင့်အာဏာကို ဤဥပဒေတွင် ထည့်သွင်းရေးသား ပြီး ပြည်သူတွေက အပ်နှင်းထားသကဲ့သို့ ပြည်သူများ၏ လိုလားတောင်းတခဲ့သော ဒီမိုကရေစီ၊လူ့အခွင့်အရေးနှင့်လုံခြုံရေးတို့ကို ဤဥပဒေကပင် အကာအကွယ်ပေးရမည်ဖြစ်ပေသည်။ဥပမာတခုဆိုရပါလျင် စစ်အာဏာရှင်လက်ထက်က ရေးဆွဲခဲ့သော ၁၉၇၄ခု အခြေခံဥပဒေတွင် “မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီသည် တခုတည်းသော နိုင်ငံရေးပါတီဖြစ်၍ နိုင်ငံတော်ကို ဦးဆောင်သည်”ဟု လိုရင်းချက် ကို ၀ါကျတကြောင်းတည်းဖြင့် လိုတိုရှင်း ရေးသားထားသည်ကို တွေ့ရပါသည်။ အလားတူ ရေးသားဟန်ကို ၂၀၀၈ခု အခြေခံဥပဒေတွင်လည်း “တပ်မတော်သည် အနာဂတ် အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်သောအခန်းမှ အမြဲတန်းပါဝင်နေရမည်”ဟုလည်း ပါရှိနေပြန်၏။
သို့ဖြစ်၍ စစ်ခေါင်းဆောင်များသည် မိမိတို့လိုချင်သပ အချက်အချာကျသော အာဏာသုံးရပ်ကို ပဋိညာဏ်စာချုပ်နှင့်တကွ လက်ဝယ်ပိုင်ပိုင် ရရှိနှင့်ပြီဖြစ်ပါ၍ ကျန် လစ်လပ်နေသော သာမာန် လုပ်ပိုင်ခွင့်အာဏာများကိုမူ အတိုက်ခံတို့အား ၀မ်းသာအယ်လဲ ဖိတ်မဏ္ဌကပြုမျှဝေပေးနေသည်မှာ ထူးဘဲမဆန်းတော့ပြီဖြစ်သည်။အပြန်အလှန်အားဖြင့် ပြည်သူလူထုသည်လည်း မိမိတို့၏ ရပိုင်ခွင့်အနေဖြင့်ပမာပြရလျင် ၁၉၇၄ခုနှစ် အခြေခံဥပဒေ ပုဒ်မ(၁၀၇)အရ “နိုင်ငံသားတိုင်းသည် မိမိတို့၏ နစ်နာမှု ၊ဆုံးရှုံးရမှုများကို သက်ဆိုင်ရာအာဏာပိုင်များထံသို့ တိုင်တန်းပိုင်ခွင့်ရှိသည်၊အဆိုပါတိုင်တန်းချက်ကို အာဏာပိုင်ဖက်က စုံစမ်းမှုပြုပြီး လိုအပ်သလို အရေးယူဆောင်ရွက်ပေးရမည်ဟု ပြဌာန်းထားသည်ကို မှတ်သားခဲ့ဘူးပါသည်။
မည်သို့ပင်ရှိစေကာမူအလယ်အလတ်လမ်းစဉ်သည်သာ အောင်မြင်ခြင်းပန်းတိုင်သို့ ဧကန်အမှန် ရောက်ရှိနိုင်မှုအရှိဆုံးဟုလို့ ယုံကြည်သည့်အလျောက် လွပ်လွပ်လပ်လပ် တွေ့ဆုံဆွေးနွေးကြပြီး တိုင်းပြည်အတွက်အကောင်းဆုံးအဖြေရှာရေးကို အားလုံးက ၀ိုင်းဝန်းကူညီအားပေးသင့်ပါသည်။ယခုလို ဆွေးနွေူနိုင်ခွင့်ဖြစ်မြောက်လာအောင် အစိုးရသစ်က လမ်းဖွင့်ပေးနေတာကို တော်လှန်ရေးသတိဖြင့် ကြိုဆိုရမည်သာ။

သို့သော် အမှန်တကယ် စစ်မှန်သောဒီမိုကရေစီနိုင်ငံကို ပြန်လည် တည်ဆောက်မည်ဆိုပါက စံထားချက်များနှင့်ကိုက်ညီမှုရှိမရှိသုံးသပ်ရန်လိုအပ်ပါသေးသည်။ ဒီမိုကရေစီ၏ ကျင့်စဉ်အရ ပြည်သူ့အုပ်ချုပ်ရေးဖြစ်သည့်အလျောက်နိုင်ငံ၏ အချုပ်အချာအာဏာကို ပြည်သူတွေကသာ ပိုင်ဆိုင်ပြီးစိုးမိုးနေသင့်သည်။လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ်ကိုယ်စားပြုရမည်ဖြစ်၍ မသမာသောမဲစနစ်ဖြင့်ရွေးကောက်ခံခဲ့သူမဖြစ်သင့်ချေ။လက်ရှိအနေအထားတွင် လွှတ်တော်တွင်စစ်ယူနီဖေါင်းဝတ် စစ်တပ်ကိုယ်စားလှယ်လေးချိုးတချိုး ပါဝင်နေခြင်း၊လိုအပ်ပါက တပ်မတော်အကြီးအကဲမှ နိုင်ငံတော်အာဏာသိမ်းခွင့် ပြုထားခြင်းကိုက တိုင်းပြည်သည် တပ်မတော်ဦးစီးချုပ် နေ၀င်း၊သန်းရွေ့တို့၏ အစဉ်အဆက်ပိုင်ဆိုင်သည့်အမွေကို စစ်တပ်အားစာချုပ်နှင့်တကွအပ်နှင်းထားသလိုဖြစ်တော့သည်။တရားဥပဒေစိုးမိုးသော စနစ်တွင် ဥပဒေအထက်က မည်သူမျှမရှိစေရ ဟူသောမူနှင့် ပြဒါးတလမ်းသံတလမ်းဖြစ်လျှက်ရှိနေသည်ကို တွေ့ရှိနိုင်ပေသည်။

သို့ဖြစ်ပါ၍ ပြည်သူအပေါင်းတို့အား အမှန်တကယ် အကျိုးပြုကာကွယ်မည့် အထက်ပါ တရားဥပဒေကို မည်သူတွေက ရေးဆွဲ ပြဌာန်းပါအံ့နည်းဟု ဆိုခဲ့ပါလျင် ယခင် ၁၉၈၈ခုနှစ်က တဒင်္ဂသမ္မတဖြစ်ခဲ့ဘူးသူ ဒေါက်တာမောင်မောင် ရေးသားသော “ဒို့ပြည်ထောင်စုမြန်မာနိုင်ငံ”စာအုပ်မှာ အရ အခြေခံဥပဒေကို အာဏာလက်ရှိအစိုးရကသော်လည်းကောင်း၊အာဏာရအတိုက်ခံပါတီကသော်လည်းတရားဝင်ရေးဆွဲပိုင်ခွင့်ရှိပါသည်ဟုပါရှိသည်။ထိုသို့ရေးဆွဲပြီးဖြစ်သော ဥပဒေကို မပြဌာန်းမှီ ပြည်သူတွေက သဘောတူလက်ခံပါကြောင်းအတည်ပြုရပါမည်။ မိမိရေးဆွဲသော ဥပဒေကို မိမိကိုယ်တိုင်အတည်မပြုရချေ။ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ်တွင် အာဏာလက်ရှိအစိုးရက ရေးဆွဲသော ဥပဒေကို အတိုက်ခံအများစု၏ မဲဆန္ဒဖြင့် အတည်ပြုထောက်ခံပြီးပါမှ တရားဝင်ပြဌာန်းရပါမည်။ သို့မဟုတ်ချေက အတိုက်ခံမရှိသော တပါတီစနစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ အတည်ပြုချက်ပြုရပါသည်။ယင်းကြောင့်ပင် လျှင်ထိုစဉ် မဆလ တပါတီအာဏာရှင်တို့က ရေးဆွဲခဲ့သော ၁၉၇၄ခု အခြေခံ ဥပဒေကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ၁၉၇၅ခု ဒီဇင်ဘာလ ၁၅ ရက်တွင်ကျင်းပခဲ့ကို အမှတ်ရနေပါသေးသည်။၎င်းကို စံနမူနာယူလျှက် နအဖ စစ်အစိုးရက ၁၅နှစ်ကြာ အချိန်ယူပြီး တဖက်သတ်ရေးဆွဲခဲ့သော ၂၀၀၈ခုနှစ် အခြေခံဥပဒေကို လူတသိန်းကျော် အသက်ဆုံးရျှုံးခဲ့ရသော နာဂစ်မုန်တိုင်းကာလ ကိုသော်လည်းကောင်း၊ရွေးကောက်ပွဲအနိုင်ရပါတီကိုလည်းကောင်း မငဲ့ညှာ မစောင့်ဆိုင်းပဲ အဆောတလျင် အတည်ပြုချက်ရရှိရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့်မဲ ၉၉%ရရှိအတည်ပြုခဲ့သည်ကို ဆန်းစစ်ကြည့်လေလေ ဒီမိုကရေစီစံနှုန်းနှင့် ကိုက်ညီပါသည်ဟု လက်သင့်ခံဖို့ရန် စဉ်းစားရခက်ကြီးဖြစ်နေတော့သည်။အဘယ့်ကြောင့် ပြည်သူများ သိရှိနားလည်ရန်လေ့လာခွင့်မပေးခဲ့ပါသနည်း၊ဤတွင် စစ်ခေါင်းဆောင်များ၏ လုပ်ရပ်သည် ဖြောင့်မတ်မှန်ကန်ခြင်းရှိမရှိဆိုသည့်အချက် ပေါ်လွင်ထင်ရှားနေပါသည်။
ပို၍စိုးရိမ်စရာအချက်မှာ တကြိမ်တခါ စစ်အာဏာသိမ်းသည့်အခါတိုင်း အခြေခံဥပဒေကိုတပါတည်း ဖျက်သိမ်းလေ့ရှိခြင်းပင်ဖြစ်လေသည်။

ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးကို စေတနာကောင်းဖြင့်လုပ်တော့မည်ဆိုရင် နောင်လာနောက်သားများ သံသယကင်းစွာဖြင့် နိုင်ငံတာဝန်ကို ပခုံးပြောင်းထမ်းဆောင်နိုင်မည့် စစ်မှန်သော ဒီမိုကရေစီ၏ အခြေခံအုတ်မြစ်ကို လက်ရှိသက်ရှိထင်ရှား ခေါင်းဆောင်ကြီးများက ဦးဆောင်ဦးရွက်ပြုပြီး မြန်မာပြည်တွင်း မှီတင်းနေထိုင်သူအားလုံးက လက်ခံနိုင်သည့် တည်တံ့ခိုင်မာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတခု ပေါ်ပေါက်လာစေရေးမလိုအပ်ပြီလော။
ဒို့ဘိုးဘွားအမွေအစစ်ကို ချစ်မြတ်နိုးကြပါကုန်..

(စာစီစာကုံး)